
ချျဉ်ပေါင်ရွက်ကိုအလွယ်ဆုံးနည်းနဲ့ကြော်နည်း
ချဉ်ပေါင်ရွက်ကြော်ကို လူတော်တော်များများကြိုက်ကြမယ်ထင်တယ်နော်
ထမင်းစားရင် အချဉ်လေး အစပ်လေးပါမှ ထမင်းမြိန်တယ်ဆိုသူတွေအတွက် ချဉ်ပေါင်ရွက်ကိုကြော်ပြီး ဘူးလေးထဲမှာ ထည့်ထားလိုက်မယ်
ပါဝင်ပစ္စည်းတွေက
ချဉ်ပေါင်ရွက်
ပုဇွန်ခြောက်မှုန့်
ကြက်သွန်ဖြူ
ကြက်သွန်နီ
စိမ်းစားငပိ
ငရုပ်သီးစိမ်းမှုန့်(အရောင်တင်မှုန့်)
ငရုပ်သီးစိမ်း
နနွင်းမှုန့်
ဆီ
ပါဝင်ပစ္စည်းတွေစုံပြီဆိုတော့
အားလုံးအဆင့်ဖြစ်အောင်လုပ်ထားကြမယ်၊ ပထမဆုံးချဉ်ပေါင်ရွက်တွေကို ခြွေပြီး ရေဆေးထားမယ်။ ရေဆေးပြီး ဇကာလေးတစ်လုံးထဲမှာရေစစ်ထားလိုက်ပါ
နောက်ထပ် ကြက်သွန်ဖြူ၊ နီ ထောင်းထားမယ်။
စိမ်းစားငပိလေးကိုလည်းပန်ကန်တစ်လုံးတည်မှာ အရည်ဖျော်ထားလိုက်မယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ စကြော်ရအောင်
ပထမဆုံးအနေနဲ့ထောင်းထားတဲ့ကြက်သွန်ဖြူ၊ အနီကို ဆီသတ်မယ်။
ဆီသတ်တဲ့အထဲမှာ နနွင်းမှုန့်၊ ငရုပ်သီးစိမ်းမှုန့်လေးတွေကို လိုသလောက် ထည့်ပေးလိုက်မယ်။ ဆီသတ်ပြီးလို့မွှေးလာပြီဆိုရင် ပုဇွန်ခြောက်မှုန့်လေးတွေထည့်ပြီး အပေ့ါအငံလေးပါ တခါတည်း ထည့်လိုက်မယ်နော်။
အားလုံးထည့်ပြီးပြီဆိုရင် ခုဏက ရေစစ်ထားတဲ့ ချဉ်ပေါင်ရွက်လေးတွေကိုထည့်ပြီး အိသွားအောင် တည်ထားလိုက်မယ်။
ချဉ်ပေါင်ရွက်လေးတွေအိလာပြီဆိုရင် စိမ်းစားငပိဖျော်ရည်လေးကို လောင်းထည့်ပြီး အရသာလေး မြည်းကြည့်မယ်။
အဆင်ပြေသွားပြီဆိုရင် နောက်ဆုံးမှာ ငရုပ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပြီး အတောင့်လေးတွေအတိုင်းထည့်ပြီး မွှေလိုက်မယ်။
ဆီပြန်သွားပြီဆိုရင်တော့ ချဉ်ပေါင်ရွက်ကြော်ချဉ်ချဉ်မွှေးမွှေးလေး စားလို့ ရပါပြီ။
______________
Hsu Labb Wai