ပဲသီးသုပ် (ပဲတောင့်ရှည်) - eye of god

Breaking

Wednesday, December 2, 2020

ပဲသီးသုပ် (ပဲတောင့်ရှည်)


ပဲတောင့်ရှည်သီးကို ပြုတ် ထောင်းပြီးမှသုတ်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ပဲတောင့်ရှည် တစ်စည်း
  2. ကြက်သွန်နီဆီချက်
  3. မြေပဲလှော်ထောင်း (သို့) ပဲမှုန့်အကျက်မှုန့်
  4. ဆားအနည်းငယ်
  5. ငံပြာရည်အနည်းငယ်
  6. သံပုရာသီး တစ်စိတ်
  7. ကြက်သွန်နီ ဥကြီးတစ်လုံး
  8. ငရုတ်သီး အကျက်မှုန့်

ပြင်ဆင်ပြုလုပ်ပုံ
  1. ရေနွေးပွက်ပွက်ဆူထဲကို ပဲတောင့်ရှည်သီး ထည့်ပြုတ်ပါ။ ပုံမှန် လှီးပြီးသုပ်စားရင် ခပ်စိမ်းစိမ်း မာမာအနေအထားမှာ ပြန်ဆယ်တာ ကောင်းပေမယ့် အခုက ထောင်းပြီးသုပ်မှာမို့ နဲနဲ ပျော့တဲ့အထိထားပြီးမှ ဆယ်ပါတယ်။


  2. ဆယ်ထားတဲ့ ပဲတောင့်ရှည်တွေကို ရေစစ်ပြီး ငရုတ်ဆုံနဲ့ ထောင်းထားပါတယ်။


  3. ဆီချက်ချက်ဖို့ ကြက်သွန်နီခွာပါတယ်။ အသေးနှစ်လုံးက ဆီချက်ချက်ဖို့ ဖြစ်ပြီး၊ အကြီးတစ်လုံးက အသုပ်ထဲ လှီးထည့်ဖို့ ဖြစ်ပါတယ်။


  4. အိမ်မှာ ရှိတဲ့ မြေပဲကို လှော်ပါတယ်။ ဒီအဆင့်ကတော့ တော်တော်များများအနေနဲ့ လှော်ပြီးသားမြေပဲဝယ်လိုက်ရင် လုပ်စရာ မလိုတော့ပါဘူး။ ကိုယ်ကတော့ မြေပဲကို အစိမ်းဝယ်ထားပြီး စားချင်တဲ့အချိန်လှော်စားတာ များပါတယ်။ မြေပဲလှော်ရင် အညာမှာတော့ သဲထည့်လှော်ပြီး၊ ရန်ကုန်မှာတော့ ဆားထည့်လှော်ပါတယ်။ မြေပဲကို တိုက်ရိုက် အပူသက်သာအောင်လို့ ထင်ပါတယ်။ မြေပဲလှော်ရင် ဖျစ်ဖျစ် အသံပျောက်တာနဲ့ မီးပိတ်လိုက်ရင် အတော်ပါပဲ။



  5. ပြီးဆီချက် ချက်ပါတယ်။


  6. ကဲထည့်စရာ အမယ်တွေ စုံပြီဆိုတော့ စသုပ်ပါတော့မယ်။


  7. ထောင်းထားတဲ့ ပဲတောင့်ရှည်ထဲကို ကြက်သွန်နီပါးပါးလှီးထည့်၊ မြေပဲလှော်ထောင်းထည့်၊ ဆီချက်၊ ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာသီးတစ်စိတ် ညှစ်ထည့်ပြီး နယ်လိုက်ရုံပါပဲ။
______
ငြိမ်း