ပါဝင်ပစ္စည်းများ
- ခရမ်းခေါင်းသီး - အလုံးကြီးကြီး တစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်ကောင်းလှော်ထောင်းအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲဆီ - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ကြော် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- ခရမ်းသီးကို ရေဆေးပြီး ခရင်းဖြင့် ခပ်ကျဲကျဲ လိုက်ထိုးပေးပြီး ပန်းကန်ပြားပေါ်မှာ တင်ပေးပါ။
- ထိုပန်းကန်ကို မိုက်ခရိုဝေ့ မီးဖိုထဲမှာထည့်ပြီး အဖုံးခပ်ဟဟအုပ်ပေးကာ တစ်ဖက်ကို လေးမိနစ်ခန့် ဖုတ်ပေးပါ။
- လေးမိနစ် ပြည့်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး လေးမိနစ် ထပ်ဖုတ်ပေးပါ။
- ခရမ်းသီး အလုံးကြီးပါက မီးဖုတ်ချိန်ကို ပိုပြီးဖုတ်ပေးပါ။
- မီးဖုတ်ထားသော ခရမ်းသီးကို အပြင်ထုတ်ပေးပြီး အခွံခွာပေးပါ။
- ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားသော ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ။
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
- အကြော်ထဲမှာ ပါဝင်မည့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး အပူပေးပါ။
- ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းတဲ့အထိ ကြော်ပေးပါ။
- ကြက်သွန်နီ နွမ်းသွားတာနဲ့ ခရမ်းသီးကို ထည့်မွှေပေးပါ။
- ခရမ်းသီး ထည့်ပေးပြီးတာနဲ့ ဆား အချိုမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပေးပါ။
- ပြီးတာနဲ့ အရသာ မျှတအောင် မွှေပေးပြီးတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ။
- ခရမ်းသီး မီးဖုတ်ကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီးတာနဲ့ ကြက်သွန်ဖြူကြော်ကို ဖြူ းပေးပါ။
- ပဲဆီနံ့ သင်းပျံ့နေတဲ့ ခရမ်းသီး မီးဖုတ်ကြော် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိူင်သလို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
- မီးသွေးမီးဖိုနှင့် ခရမ်းသီးကို မီးဖုတ်ပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ။
- မီးဖုတ်လို့ ကျက်တာနဲ့ အထက်ပါ နည်းအတိုင်း ပြင်ဆင်ပေးပါ။
mmlazp